Simon Sinek ပြောတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အဓိပ္ပါယ်

Simon Sinek ပြောတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အဓိပ္ပါယ်

(စာနည်းနည်းရှည်ပေမဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အဓိပ္ပါယ်က်ုသိလိုသူများအတွက် အဆုံးထိ ဖတ်သင့်တဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။) 👍 👍
၂၀၀၉ ခုနှစ် ၊စက်တင်ဘာလ (၈)ရက်က သူ့ရဲ့လုပ်ဆောင်ရွက်ချက်တွေ အတွက်မကြာသေးခင်ကမှ လွှတ်တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ် အပ်နှင်းခြင်းခံရတဲ့ ဗိုလ်ကြီး ဝီလီယံ ဆွမ်ဆင်
(Captain William Swenson) ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။
အဲဒီနေ့က အမေရိကန်နဲ့ အာဖဂန်စစ်သားတွေပါဝင်တဲ့ စစ်ကြောင်း တစ်ကြောင်းဟာ အစိုးရအရာရှိ အဖွဲ့နဲ့ အာဖဂန်အစိုးရအရာရှိ တစ်ဖွဲ့ဟာ ဒေသတွင်း ရပ်မိရပ်ဖက်တစ်ချို့နဲ့ တွေ့ဖို့အစည်းအဝေးတစ်ခုအတွက် အကာအကွယ်ပေးဖို့ အာဖဂန်နစ္စတန် နိုင်ငံထဲက ဒေသတစ်ခုကို ဖြတ်သန်းနေခဲ့ကြတာပါ။
အဲ့ဒီအချိန် သူတို့စစ်ကြောင်းဟာ ချုံခိုတိုက်ခိုက်တာ ခံခဲ့ရပြီးတော့ သုံးဘက်သုံးတန်လုံး အဝိုင်းခံလိုက်ရပါတယ်။ အဲ့ဒီအချိန် Captain Swenson ဟာဒဏ်ရာရနေသူတွေကို ကယ်ထုတ်ဖို့နဲ့ သေဆုံးနေသူတွေကို ဆွဲထုတ်ဖို့အတွက် သေနတ်ကျည်ဆန်တွေကြား ပြေးသွားခဲ့ပါတယ်။ သူကယ်တင်ခဲ့တဲ့သူတွေအနက် တစ်ယောက်ကတော့ တပ်ကြပ်ကြီး တစ်ယောက်ဖြစ်ပြီး သူနဲ့ သူ့ရဲဘော် တစ်ယောက်ဟာ အရေးပေါ် သူနာတင် ရဟတ်ယာဉ်ဆီ ဦးတည်သွားနေကြတုန်းမှာပါ။
ဒီနေ့နဲ့ ပတ်သက်ပြီး အမှတ်ရစရာ တစ်ခုကတော့ ထူးဆန်းတဲ့ တိုက်ဆိုင်မှုလို့ပြောရမလားပဲ။။ အရေးပေါဆေးဆရာဝန်က သူ့ ဦးထုပ်မှာ GoPro ကင်မရာတစ်လုံးကို တပ်ဆင်မိလျက်သား ဖြစ်နေပြီး မြင်ကွင်းတစ်ခုလုံးကို ကင်မရာနဲ့ ရိုက်မိသွားတာပေါ့။
အဲ့ဒီမှာရိုက်မိသွားတာက Captain Swenson နဲ့ သူ့ရဲဘော်ဟာ လည်ပင်းမှာ သေနတ်မှန်ထားတဲ့ ဒဏ်ရာရ စစ်သားတစ်ယောက်ကို ခေါ်ဆောင်လာနေတဲ့ပုံပါ။ ရဟတ်ယာဉ်နားရောက်တဲ့အခါ Captain Swenson တို့ဟာ ဒဏ်ရာရစစ်သားကို ရဟတ်ယာဉ်ပေါ်တင်ပေးလိုက်တယ်။ အဲ့ဒီနောက်မှာ Captain Swenson နောက်ထပ်လူတွေကို ကယ်တင်ဖို့ ပြန်မလှည့်မီကလေးမှာ သူ့ရဲ့ကိုယ်ကို ကိုင်းပြီး ဒဏ်ရာရ စစ်သားကို အနမ်းပေးတဲ့ပုံလေး။
ဒါကိုတွေ့မိပြီး၊ ကျွန်တော် စဉ်းစားမိလိုက်တာကတော့ “ဒီလိုမျိုး ပုဂ္ဂိုလ်တွေက ဘယ်ကမ္ဘာကများ လာကြတာပါလိမ့်”လို့ပေါ့။ အဲ့ဒါကဘာဖြစ်မလဲဗျ။ သင့်အနေနဲ့ အရာတစ်ခုကို လုပ်ဆောင်ဖို့ ဆန္ဒပြင်းထန်လွန်းနေတဲ့အခါ အရမ်း၊ အရမ်းကို နက်ရှိုင်းတဲ့ စိတ်ခံစားမှုဆိုတာရှိတယ်။ အဲဒီမှာ မေတ္တာဓာတ်ဆိုတာရှိတယ်။ ကျွန်တော်သိချင်တာက ဘာဖြစ်လို့များ ကျွန်တော်နဲ့တွဲလုပ်တဲ့သူတွေမှာ ဒါမျိုးမရှိရတာ ပါလိမ့်ဆိုတာပါ။
ခင်ဗျားတို့သိတဲ့အတိုင်းပဲ၊ စစ်တပ်ထဲမှာက တစ်ခြားသူတွေ ကောင်းကျိုးရစေဖို့အတွက် မိမိကိုယ်ကို စွန့်လွှတ် အနစ်နာခံတဲ့သူတွေကို ဆုတံဆိပ်တွေပေးတတ်ကြတာလေ။ စီးပွားရေးလောကမှာကျတော့ တခြားသူတွေကို စွန့်လွှတ်ခိုင်းတတ်တဲ့ သူတွေကို ကျွန်တော်တို့ အပိုဆုကြေးတွေ ပေးကြတာပေါ့။ ကျွန်တော်တို့တွေ နောက်ပြန်သွားနေကြတာမှလား။ ဒါကြောင့် ဒီလိုလူတွေက ဘယ်က လာကြတာလဲ။ ကျွန်တော်ရဲ့ ပထမဆုံးတွေးမိလိုက်တာကတော့ “ ဒီလိုလူမျိုးတွေကိုက လူတော်တွေဖြစ်လို့ဆိုတာပါပဲ”။ ဒါကြောင့်လည်း ဒီလို လူတွေကို ကူညီရတဲ့ အလုပ်မှာ လုပ်နေကြတာပေါ့။ ဒီလို လူတော်မျိုးတွေက တခြားလူတွေအတွက် အစွန့်လွှတ်အနစ်နာခံရတဲ့ အလုပ်မျိုးတွေမှာ လုပ်တတ်ကြပါတယ်။
ဒါပေမဲ့ ကျွန်တော် ရဲ့ ပထမဆုံး အတွေးမှားသွားပါတယ်။ ကျွန်တော်နောက်ပိုင်းသိလာရတာကတော့ ပတ်ဝန်းကျင်ကြောင့်ဆိုတာပါပဲ။ သင်ဟာ ပတ်ဝန်းကျင်ကောင်းကို မှန်မှန်ကန်ကန်ရောက်သွားမယ်ဆိုရင် ကျွန်တော်တို့ တစ်ယောက်ချင်းဆီတိုင်းမှာ ဒီလိုအံ့ဩဖွယ်ရာ အရာတွေကို လုပ်ပြုနိုင်ကြပါတယ်။ ဒါ့အပြင် တခြား အဖွဲ့ဝင်တွေ အားလုံးကလည်း ဒီလို အစွမ်းသတ္တိတွေ ရှိလာကြတယ်ဆိုတာပါပဲ။
ကျွန်တော်ကိုယ်တိုင်းလည်း Hero တွေလို့ ခေါ်ဆိုကြရတဲ့ ဒီလို လူမျိုးတွေနဲ့ ဆုံတွေ့ခွင့်ရတာကို တကယ်ဂုဏ်ယူမိပါတယ်။ သူတို့တွေဟာ တခြားသူတွေရဲ့ အသက်ကို ကယ်ဖို့အတွက် ကိုယ့်အသက်ကို အန္တရာယ်ကြားထဲ စွန့်စားရဲတဲ့ သူတွေပါ။ သူတို့နဲ့ တွေ့တော့ ကျွန်တော် မေးမိတယ်။ “ဘာကြောင့် ခင်ဗျား ဒီလိုလုပ်မှာလဲ။ ဘာကြောင့် ခင်ဗျား ဒီလို လုပ်ခဲ့တာလဲ ”။ အဲ့ဒီအချိန်မှာ သူတို့အားလုံး တူနေတဲ့ စကားတစ်ခွန်းကိုပဲပြောပါတယ်။ “ဘာကြောင့်လဲဆိုတော့ သူတို့ဆိုလည်း ကျွန်တော်အတွက် အသက်ကိုရင်းပေးကြမှာပဲလေ။”
ဒါဟာ ယုံကြည်ခြင်းနဲ့ လက်တွဲလုပ်ဆောင်ခြင်းတို့ရဲ့ နက်ရှိုင်းတဲ့အသိစိတ်ပါ။ ယုံကြည်ခြင်းနဲ့ လက်တွဲလုပ်ဆောင်ခြင်းဆိုတာ ဒီလို နေရာမျိုးမှာ အရမ်း အရေးကြီးပါတယ်။ ပြဿနာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ဒီအရာတွေက စိတ်ခံစားချက်တွေဆိုတာပါပဲ။ ဒီအရာတွေဟာ ညွှန်ကြားချက်တွေ မဟုတ်ပါဘူး။ သင်လုပ်ယူလို့မရဘူး။ ဥပမာ ကျွန်တော်က “ငါ့ကို ယုံပါ” လို့လာပြောရင်လည်း ခင်ဗျားက ယုံချင်မှ ယုံမှာလေ။ ကျွန်တော်အနေနဲ့ လူ ၂ ဦးကို မင်းတို့ ပူးပေါင်းဆောင်ရွက်ကြလို့ ပြောတိုင်း သူတို့ တကယ်ပူးပေါင်းဆောင်ရွက်ကြမှာမဟုတ်ပါဘူး။ ဒါတွေက စိတ်ခံစားချက်တွေ ဖြစ်တာကြောင့် သူ့ကို ဒီလိုအမိန့်သွားပေးလို့မရပါဘူး။
ဒါဆို ဒီခံစားချက်တွေက ဘယ်ကနေ ဘယ်လိုဖြစ်လာသလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀၀၀) ခန့် ကျောက်ခေတ်ဦးကာလက ခေတ်ဦးလူသားတွေရဲ့ အစောပိုင်းကာလကို ပြန်ကြည့်မယ်ဆိုရင် ကမ္ဘာကြီးဟာ အန္တရာယ်အပြည့်နဲ့ နေရာတစ်ခုဖြစ်ပြီး လူသားတွေကို သတ်ဖို့အတွက် အရာအားလုံးက ဝန်းရံနေတာကို မိတ်ဆွေတို့တွေ့ရမှာပါ။ ဒါဟာ ပုဂ္ဂိုလ်ရေး ကိစ္စတွေကြောင့် မဟုတ်ပါဘူး။ လူသားတွေကို အဲ့ဒီအချိန်တုန်းက ရာသီဥတု၊ အရင်းအမြစ်ချို့တဲ့မှုတွေ၊ အစွယ်တငေါငေါနဲ့ ကျားတစ်တွေ စတဲ့ အရာတွေအားလုံးက လူသားတွေကို သတ်ဖို့ အမြဲအားထုတ်နေခဲ့ကြတာပါ။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ Social Animals လို့ခေါ်တဲ့ လူမှုရေးသတ္တဝါတွေ အဖြစ် ပြောင်းလဲနေထိုင်ခဲ့ကြပါတယ်။ ကျွန်တော်တွေ ကိုယ်နဲ့ သက်ဆိုင်တယ်လို့ခံစားရတဲ့ ဘေးကင်းလုံခြုံမှုအသိုင်းအဝိုင်းလေးတစ်ခုဖြစ်တဲ့ လူမျိုးစုနွယ်တစ်ခုအတွင်းမှာတို့တွေ အတူတကွ ပူးပေါင်းနေထိုင်ခဲ့ကြတယ်၊ အလုပ်တူတူလုပ်ကိုင်ခဲ့ကြတယ်။ ကျွန်တော်တို့တွေ အဲ့လိုအတူတကွနေထိုင်တဲ့အုပ်စုအတွင်းမှာဆိုရင် လုံခြုံတယ်လို့ ခံစားရပြီး အဲ့ဒီအချိန်မှာတော့ သဘာဝကျတဲ့ တုံ့ပြန်မှုဖြစ်တဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ ခံစားချက်တွေ ဖြစ်လာပါတော့တယ်။ ဒီခံစားချက် ၂ ခုမှာ ပင်ကိုယ်အကျိုးကျေးဇူးတွေရှိနေပါတယ်။ အဓိပ္ပါယ်ကတော့ဗျာ၊ ညဘက်ကျွန်တော်တို့ အိပ်ပျော်နေတဲ့အချိန်မှာ ကျွန်တော်လူမျိုးစုထဲက တစ်ယောက်ယောက်က ကျွန်တော်အတွက် အန္တရာယ်တွေကို ကင်းစောင့်ပေးနေတယ်ဆိုတဲ့ ယုံကြည်မှုကြောင့် ကောင်းကောင်းအိပ်ပျော်နိုင်တာပါ။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်မယုံကြည်ဘူးဆိုရင်၊ ကျွန်တော်က ခင်ဗျားကို မယုံကြည်ဘူးဆိုရင် ခင်ဗျားကလည်း ကျွန်တော်အတွက် အန္တရာယ်တွေကို ကင်းစောင့်ပေးနေမှာ မဟုတ်ဘူးပေါ့ဗျာ။ ဒီစနစ်ကြီးနဲ့ဆို ဘယ်သူမှလည်း အသက်ရှင် ကျန်ရစ်နေမှာ မဟုတ်ပါဘူး။
ဒီနေ့ခေတ်ကြီးဟာလည်း အဲ့လိုပါပဲ။ ကမ္ဘာကြီးဟာ အန္တရာယ်တွေ ပြည့်နှက်နေပြီး ကျွန်တော်တို့ ဘဝတွေ၊ ကျွန်တော်တို့ အောင်မြင်မှုတွေ၊ အောင်မြင်ဖို့အခွင့်အလမ်းတွေကို လျှော့ချဖို့ အရာအားလုံးက အားထုတ်နေကြပါတယ်။ အဲ့ဒါတွေကတော့ စီးပွားရေးလောကရဲ့ အတက်အကျမြန်မှုမျိုး၊ စတော့ဈေးကွက်ရဲ့ မရေရာမှုမျိုး၊ သင့်စီးပွားရေး လုပ်ငန်းကို လုံးဝခေတ်နောက်ကျသွားစေမယ့် နည်းပညာအသစ်မျိုးတွေ၊ သင့်စီးပွားရေးကို အပြုတ်ဖြုတ်ဖို့ကြိုးစားနေတဲ့ သင့်ရဲ့ပြိုင်ဘက် စသဖြင့် အမျိုးမျိုးဖြစ်နေနိုင်ပါတယ်။ ဒီအရာတွေဟာ သင့်စီးပွားရေး ချွတ်ခြုံကျသွားအောင် ကြိုးစားနေပြီး တစ်ခါတစ်ရံ သင့်ရဲ့တိုးတက်မှုကို ကဖျက်ကယက်လုပ်နေတာမျိုး၊ သင့်စီးပွားရေးကို အလဲထိုးဖိုးကြိုးစားနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဒီစွမ်းအားတွေလုံးထိန်းချုပ်နိုင်ဖို့ ဘာစွမ်းအားမှ မရှိပါဘူး။ ဒီအရာတွေဟာ အသောမသတ်နိုင်လောက်အောင်များပြားနေပြီး ဘယ်တော့မှ ပျောက်ကွယ်သွားမှလည်းမဟုတ်ပါဘူး။
ကျွန်တော်တို့ ပြောင်းလဲနိုင်တဲ့ အရာတစ်ခုကတော့ အဖွဲ့အစည်းအတွင်းက အခြေအနေ တွေကိုပါပဲ။ (နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ စကားလိုပါပဲ။) ဒီနေရာမှာ ခေါင်းဆောင်မှုဆိုတာ အရေးပါလာပါပြီ။ ဘာကြောင်းလဲဆိုတော့ ခေါင်းဆောင်က အဖွဲ့အစည်းတစ်ခုရဲ့ အတက်အကျကို ထိန်းချုပ်နေတဲ့သူတွေ မို့လိုပါပဲ။ အဖွဲ့အစည်းအတွင်းက အဖွဲ့သားအားလုံးရဲ့ ဘေးကင်းလုံခြုံမှုအတွက် သူတို့ရဲ့ သက်တောင့်သက်သာဖြစ်ခြင်းဆိုတဲ့ အရာကိုစွန့်လွှတ်ပြီး ရွေးချယ်မှုတွေကို လုပ်လိုက်တဲ့ အခါမှာတော့အဖွဲ့ဝင်အားလုံးဟာ လုံခြုံသွားပြီး အော် ဒါ ငါ့ရဲ့ အဖွဲ့အစည်းပါလားလို့ ခံစားရတဲ့ အချိန်မှာတော့ အံ့ဩဖွယ်ရာ ကိစ္စတွေ ဖြစ်လာပါတော့တယ်။
ကျွန်တော် ခရီးတစ်ခုကို လေယာဉ်နဲ့ သွားတုန်းက ခရီးသည်တစ်ယောက် ဟာ သူ့နာမည်ကို မခေါ်သေးခင်မှာပဲ လေယာဉ်ပေါ် တက်ဖို့ကြိုးစားခဲ့ပါတယ်။ အဲ့ဒိအချိန် လေယာဉ်ဂိတ်စောင့်က အဲ့ဒီလူကို ရာဇဝတ်သားတစ်ယောက်လိုမျိုး အော်ဟစ်ကြိမ်းမောင်းနေပါလေရော။ အဲ့ခရီးသည်ကို သူ့အလှည့်မရောက်သေးဘဲ ဘာလို့ လေယာဉ်ပေါ်တက်တာလဲပေါ့။ ဒါနဲ့ ကျွန်တော်လည်း မနေနိုင်တော့ “ဘာလို့ ခင်ဗျားကျွန်တော်တို့ကို တိရစ္ဆာန်၊ ကျွဲနွားတွေလို့ဆက်ဆံတာလဲ” “ကျွန်တော်တို့ကို လူသားတစ်ယောက်လို့ ဘာကြောင့် မဆက်ဆံတာလဲပေါ့။” အဲ့ဒီအချိန်မှာ သူမပြန်ပြောတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ “ဆရာရယ် ကျွန်တော်ဒီစည်းမျဉ်းတွေကို မလိုက်နာရင် ကျွန်မ အလုပ်ပြုတ်သွားမှာ ဆိုးလို့ပါ။” သူမကျွန်တော်ကို ပြောတာက သူမ လုံခြုံမှုကို မခံစားရဘူးဆိုတာကိုပါ။ သူမရဲ့ ခေါင်းဆောင်တွေကို သူမ မယုံကြည်ဘူးဆိုတာကိုပါပဲ။ကျွန်တော် SouthWest လေကြောင်းလိုင်းကို စီးဖြစ်တာ ဒီလေကြောင်းလိုင်းမှာ လူတော်တွေရှိနေလို့မဟုတ်ပါဘူး။ သူတို့ သူတို့ရဲ့ ခေါင်းဆောင်ကို ကြောက်ရွံ့မနေဘဲ ရဲရဲဝံ့ဝံ့အလုပ်လုပ်ကြတဲ့ အတွက်ပါ။
မိတ်ဆွေတို့လည်း သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့တွေ တစ်ခုခုမှားသွားမယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ၊ စွမ်းအားတွေပိုသုံးကြဖို့အတွက် ဖိအားတွေ ရောက်လာတော့တာပဲ။ ဒါဟာ အဖွဲ့အစည်းတစ်ခုကို အားနည်းစေပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုမှာ လုံခြုံမှုကို ခံစားနေရတယ်ဆိုရင် ကျွန်တော်တို့တွေဟာ ကိုယ်ရဲ့ အရည်အချင်းတွေနဲ့ ခွန်အားတွေကို ပေါင်းစပ်ပြီး ပြင်ပအန္တရာယ်တွေကို ရင်ဆိုင်ဖို့နဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုတ်နိုင်ဖို့ မမောနိုင် မပန်းနိုင် ကြိုးစားတတ်ကြပါတယ်။
ထူးချွန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ကျွန်တော် အနီးစပ်ဆုံး ခှိုင်းနှိုင်းရမယ်ဆိုရင်တော့ ခေါင်းဆောင်ကောင်းဆိုတာ မိဘတွေလိုပါပဲ။ သင်သာ မိဘတစ်ပါးဖြစ်မယ်ဆိုရင် ဘယ်တွေလုပ်ချင်လဲ။ မိဘကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ။ ကျွန်တော်ပြောပြပါမယ်။ မိဘကောင်းဆိုတာ ကျွန်တော်တို့ ကိုယ်ရခဲ့တာထက်ပိုတဲ့ အခွင့်အရေးတွေ၊ ပညာရေးတွေ၊ လိုအပ်မယ်ဆိုရင် စည်းကမ်းတွေ ချမှတ်ပြီး ကလေးတွေ ကောင်းကောင်းမွန်မွန်လူလားမြောက်လာဖို့အတွက် ပေးကြမှာပေါ့။ ထူးချွန်တဲ့ခေါင်းဆောင်ကောင်းဆိုတာလည်း ဒီလိုပါပဲ။ ခေါင်းဆောင်ကောင်းတွေဟာ သူတို့ရဲ့ အဖွဲ့သားတွေကို အခွင့်အလမ်းတွေ၊ ပညာရေးတွေ၊ လိုအပ်တဲ့ စည်းကမ်းတွေ ပေးထားပြီး အဖွဲ့သားတွေရဲ့ ကိုယ်ကိုကိုယ်ယုံကြည်မှု၊ အသစ်သောအရာတွေကို မှန်မှန်မှားမှား စမ်းလုပ်နိုင်ခွင့်တွေပေးပြီး သူတို့စိတ်ကူးယဉ်ထားတဲ့ပိုသာတဲ့ အောင်မြင်မှုတွေကို ရနိုင်ဖို့အတွက် အခွင့်အရေး ပေးတတ်ကြပါတယ်။
နယူးယောက်မှာရှိတဲ့ Next Jump လို့ခေါ်တဲ့ နည်းပညာ ကုမ္ပဏီတစ်ခုရဲ့ CEO Charlie Kim ထောက်ပြတာက အကယ်လို့ မိသားစုထဲမှာ စီးပွားရေး အဆင်မပြေတဲ့ အချိန်ရောက်လာလို့ ကလေးတစ်ယောက်ကိုတော့ သွားစွန့်ပစ်လိုက်ဦးမယ်ဆိုတဲ့ အတွေးမျိုးတွေးဖူးကြလားတဲ့။ ဒါမျိုးအတွေးတော့ ဘယ်သူမှ မတွေးကြဘူးမှလား။ ဒါဆိုရင်ရော ဘာလို့ ကျွန်တော်တို့ အဖွဲ့အစည်းထဲက လူတွေကို အလုပ်ဖြုတ်ဖို့ စဉ်းစားကြတာလဲဗျာ။ ဒါကြောင့် Charlie ဟာ တစ်သက်တာ အလုပ်အကိုင်ခန့်ရေးမူဝါဒကို အကောင်အထည်ဖော်ခဲ့ပါတယ်။ Next Jump မှာ အလုပ်တစ်ခုရတယ်ဆိုရင် ခင်ဗျားအသုံးမကျလို့ဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဘယ်တော့မှ အလုပ်မဖြုတ်ခံရနိုင်ပါဘူး။ တကယ်လို့ ခင်ဗျားမှာ ပြဿနာတစ်ခုကြုံရမယ်ဆိုရင်တော့ Next Jump က ခင်ဗျားကို လမ်းညွှန်မှုတွေ လုပ်ပေးမှာဖြစ်ပြီး ခင်ဗျားကို ထောက်ပံ့ပေးမှာပါ။ ဒါဟာ ကျွန်တော်တို့ ကလေးတစ်ယောက်ယောက် ကျောင်းကနေ အဆင့်မကောင်းလို့ ပြန်လာတဲ့အခါ ကျွန်တော်တို့ လုပ်ပေးသင့်တဲ့ ပုံစံတစ်ခုပါပဲ။
ဒီနေခေတ်ကြီးမှာ လူတော်တော်များများက သူတို့ရဲ့ လစာမညီမျှမှုတွေနဲ့၊ အပိုဆုကြေးပေးစနစ်တွေနဲ့ပတ်သတ်ပြီး သူတို့ရဲ့ CEO တွေကိုမုန်းတီးစိတ်တွေ၊ ဒေါသတွေနဲ့ ပြည့်လျှံနေရတာက အကြောင်းရင်းရှိပါတယ်။ ဒါက ငွေကြေးကြောင့် မဟုတ်ပါဘူး။ ဒီခေါင်းဆောင်တွေက ခေါင်းဆောင်မှုဆိုတဲ့ နက်ရှိုင်းတဲ့ အနက်အဓိပ္ပါယ်ကို ချိုးဖောက်ထားလို့ပါ။ သူတို့ဟာ အမြစ်တွယ်နေတဲ့ လူမှုရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ထားကြတာပါ။ ဒီလိုခေါင်းဆောင်တွေက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် သူ့အဖွဲ့သားတွေကို ချနင်းတတ်ပါတယ်။ ဒါက ကျွန်တော်တို့ကို စိတ်နာကျင်ခံစားစေရတဲ့အချက်ပါပဲ။ ပိုက်ဆံပမာဏကြောင့်မဟုတ်ပါဘူး။ ဂန္ဓီကြီးကို ဒေါ်လာ သန်း(၁၅၀) အပိုဆုကြေးပေးလိုက်မယ်ဆိုရင် ခင်ဗျားတို့ကို စော်ကားရာများကျနေမလား။ Mother Teresa ကို ဒေါ်လာ သန်း(၂၅၀)ပေးလိုက်မယ်ဆိုရင်ရောဗျာ။ ကျွန်တော်တို့မှာ အဲဒါနဲ့ပတ်သက်တဲ့ ပြဿနာ ရှိနေပါသလားဗျာ။ လုံးဝမရှိပါဘူးဗျာ။ လုံးဝမရှိပါဘူးဗျာ။ ကြီးမြတ်တဲ့ ခေါင်းဆောင်တွေဟာ ငွေကြေးကိန်းဂဏန်းတွေကြောင့် သူတို့ရဲ့ အဖွဲ့သားတွေကို မချနင်းတတ်ပါဘူး။ သူတို့လူတွေကို ကယ်တင်ဖို့အတွက်ပဲ ငွေကြေးကိန်းဂဏန်းတွေကို ချနင်းတတ်ကြတာပါ။
အမေရိကန်ပြည်ထောင်စု အလယ်ပိုင်း ဒေသက Barry-Wehmiller လို့ခေါ်တဲ့ အကြီးစား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကို လုပ်ကိုင်တဲ့ Bob Chapman ဆိုသူဟာ ၂၀၀၈ ခုနှစ်မှာ စီးပွားရေးကျဆင်းမှုဒဏ်ရဲ့ ထိုးနှက်ခြင်းကိုခံလိုက်ရပြီး သူတို့တွေဟာ နေ့ချင်းညချင်းဆိုသလိုပဲ သူတို့ရဲ့ ကုန်ပစ္စည်းအမှာစာ (၃၀)ရာခိုင်နှုန်း ကျဆုံးသွားခဲ့ပါတယ်။ အကြီးစား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုလေ၊ ဒါက တော်တော်ကြီးမားတဲ့ ကိစ္စပါ၊ ပြီးတော့ သူတို့တွေဟာ အလုပ်သမား လခတွေအတွက် ငွေကြေးမတတ်နိုင်တော့ဘူးလေ။ ဒေါ်လာ (၁၀)သန်းလောက်ပိုထွက်လာဖို့ ယနေ့ခေတ် ကုမ္ပဏီများစွာလိုပဲပေါ့ ဘုတ်အဖွဲ့အစည်းအဝေးထိုင်ပြီး အလုပ်သမားလျှော့ချရေးကို ဆွေးနွေးကြတော့တာပေါ့။ အဲ့ဒီအချိန် Bob က လက်မခံခဲ့ပါဘူး။ Bob က လူအရေအတွက်ဆိုတာကို ဂရုစိုက်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး။ စိတ်နှလုံးသား အရေအတွက်ကိုသာ ယုံကြည်သူပါ။ ဒီစိတ်နှလုံးသားတွေကို လျှော့ချရုံပဲဆိုတာဟာ တော်တော်ကြီးကို မလွယ်ကူတဲ့အလုပ်ပါ။ ဒီတော့ ခွင့်ပေးရေးဆိုတဲ့ အစီအစဉ်တစ်ခုကို စဉ်းစားမိကြတယ်။ ဝန်ထမ်းတိုင်း၊ဝန်ထမ်းတိုင်း၊ အတွင်းရေးမှုးကနေ CEO အထိ သီတင်းပတ်(၄)ပတ်ကြာ လစာမဲ့ အားလပ်ခွင့်ယူဖို့ လိုပါတယ်။ သူတို့ နှစ်သက်တဲ့ အချိန်မှာယူနိုင်ပါတယ်။ ချက်ခြင်းကြီးခွင့်ယူစရာမလိုပါဘူး။ ဒါပေမဲ့ ဒီအစီအစဉ်မှာ Bob ဘယ်လို ကြေညာထုတ်ပြန်ခဲ့တယ်ဆိုတာက တော်တော်ကို အရေးပါခဲ့တာပေါ့ ။ သူကကျွန်တော်တို့ထဲက တစ်ယောက်ယောက်က အများကြီး ဒုက္ခရောက်ကုန်မှာထက်စာရင် ကျွန်တော်တို့အားလုံး နည်းနည်းစီဒုက္ခခံလိုက်ကြရတာ ပိုကောင်းပါတယ်တဲ့။ ဒီစကားက သူတို့ကုမ္ပဏီဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို မြင့်တတ်စေပါတယ်။ ဒီအစီအစဉ်ကြောင့် သူတို့တွေ ဒေါ်လာသန်း (၂၀) သက်သာသွားခဲ့ပါတယ်။ ပိုပြီးတန်ဖိုးရှိတာကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ ဝန်ထမ်းတိုင်း လုံခြုံမှုကို ခံစားရပြီး အဖွဲ့အစည်းထဲမှာရှိတဲ့ ခေါင်းဆောင်မှုရဲ့ ကာကွယ်မှုကို ခံစားရတဲ့အခါ သဘာဝတုံ့ပြန်မှုက ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ကြတာပေါ့ဗျာ။ အဲ့ဒီအချိန်မှာ အလိုအလျောက်ပဲ ဝန်ထမ်းတိုင်းက တစ်ယောက်နဲ့ တစ်ယောက်ကူညီလိုက်ကြတာ များဘယ်သူမှထင်ကြမှာတောင်မဟုတ်ဘူး။ အိမ်စီးပွားရေး အဆင်ပြေတဲ့သူတွေက အိမ်စီးပွားရေးမပြေလည်တဲ့သူတွေ ၃ ပတ်လောက်ပဲ ခွင့်ယူလို့ရအောင် ၅ ပတ်အထိ လစာမဲ့ ကိုယ့်သဘောနဲ့အတူ ခွင့်ယူပေးခဲ့ကြပါတယ်။
ခေါင်းဆောင်မှုဆိုတာက ရွေးချယ်မှုတစ်ခုပါ။ ရာထူးတစ်ခု မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေမှာ အဆင့်မြင့်ဆုံးရာထူးတွေကို ယူထားကြပြီး ခေါင်းဆောင် မပီသတဲ့ လူတော်တော်များများကို ကျွန်တော်မြင်ဖူးပါတယ်။ သူတို့တွေက အာဏာပိုင်တွေပါ။ သူတို့ခိုင်းတာကို ကျွန်တော်တို့လုပ်ပါတယ်။ အကြောင်းကတော့ သူတို့တွေဟာ ကျွန်တော်တို့တွေအပေါ်မှာ ဩဇာလွှမ်းမိုးမှုရှိတာကိုး။ ဒါပေမဲ့ သူတို့ကို ကျွန်တော်တို့ မလိုက်နာကြပါဘူး။
နောက်ပြီး ကျွန်တော်သိသေးတာက အဖွဲ့အစည်းတွေရဲ့ အောက်ခြေပိုင်းတွေမှာ ရှိကြပြီး အခွင့်အာဏာ တစ်စက်ကလေးမှမရှိကြတဲ့ တကယ့်ခေါင်းဆောင်တွေလည်း ရှိကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ပတ်ဝန်းကျင်ကလူတွေကို စောင့်ရှောက်တတ်ကြပါတယ်။ ခေါင်းဆောင်ဆိုတာ ဒီလိုလူမျိုးတွေကိုပြောတာပါ။
ကျွန်တော် စားသောက်ခန်းထဲက ထွက်လာကြတဲ့ ကမ်းတက်တပ်သားတွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ် ကြားခဲ့ဖူးပါတယ်။ ရေတပ်ထုံးစံအရ အရာရှိဖြစ်သူက နောက်ဆုံးမှ စားသောက်ပါတယ်။ သူက သူ့ရဲဘော်တွေကို အရင်စားသောက်စေပြီး သူတို့တွေပြီးသွားတဲ့အခါမှ သူက စားလေ့ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန် သူ့အတွက်စားစရာ ဘာမှမကျန်တော့ဘူးတဲ့။ ဒါပေမဲ့ သူပြန်ထွက်လာတဲ့ အချိန်မှာတော့ သူ့ရဲဘော်တွေက သူစားလို့ရအောင် စားစရာတွေယူလာပေးကြသတဲ့လေ။
ကျွန်တော်တို့က ဒီလိုလူတွေကို ခေါင်းဆောင်တွေလို့ ခေါ်ကြတဲ့ အကြောင်းကတော့ သူတို့က ရှေ့ကနေဦးဆောင်သွားကြလို့ပါ။
ကျွန်တော်တို့က ဒီလိုလူတွေကို ခေါင်းဆောင်တွေလို့ ခေါ်ကြတဲ့ အကြောင်းကတော့ သူတို့တွေဟာ အခြားသူတွေ မလုပ်ခင် စွန့်စားကြလို့ပါ။
ကျွန်တော်တို့ ဒီလိုလူတွေကို ခေါင်းဆောင်တွေလို့ ခေါ်ကြတဲ့ အကြောင်းကတော့ သူတို့ရဲ့လူတွေ ဘေးကင်းပြီး လုံခြုံစေဖို့၊ သူ့အဖွဲ့သားတွေ
ကောင်းကျိုးအတွက် သူတို့တွေဟာ စွန့်လွှတ်တတ်ကြလို့ပါ။
ပြီးတော့ ကျွန်တော်တို့ ဒီလိုလုပ်တဲ့အခါမှာ သဘာဝတုံ့ပြန်မှုကတော့ ကျွန်တော်တို့အဖွဲ့သားတွေဟာ ကျွန်တော်တို့အတွက် ပြန်စွန့်လွတ်ကြတတ်ပါတယ်။ သူတို့တွေဟာ သူတို့ခေါင်းဆောင်ရဲ့ ရည်မှန်းချက် တကယ်ဖြစ်လာဖို့အတွက် သူတို့ရဲ့ သွေး၊ ချွေးနဲ့ မျက်ရည်တွေနဲ့ ကြိုးစားတတ်ကြပါတယ်။
“ဘာဖြစ်လို့ ခင်ဗျားတို့ ဒါကိုလုပ်ကြတာလဲ။” “ဘာဖြစ်လို့ ခင်ဗျားတို့ရဲ့ သွေး၊ ချွေးနဲ့ မျက်ရည်တွေကို ဒီလူတစ်ယောက်အတွက် ပေးဆပ်ကြတာလဲ။” လို့မေးကြည့်လိုက်ပါ။ သူတို့တွေပြောတဲ့ တူညီတဲ့ အကြောင်းအရာကတော့ “သူတို့တွေဟာ ကျွန်တော့အတွက် အဲဒီလို လုပ်ကြမှာမို့လို့”ပါ လို့ပဲ ပြန်ပြောကြမှာပါ။
ကျွန်တော်တို့အားလုံး အဲဒီလိုအဖွဲ့အစည်းမျိုးမှာ အလုပ်လုပ်ချင်ကြတယ်မှလား။
————————————-
ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော ဒီလိုအရည်အချင်းနဲ့ ကိုက်ညီတဲ့ ခေါင်းဆောင်တွေရှိခဲ့လားဗျ။ မိတ်ဆွေတို့ထင်တဲ့ ခေါင်းဆောင်တွေအကြောင်း Comment မှာ ရေးပေးသွားနိုင်ပါတယ်။
ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ပိုပြီးလေ့လာလိုပါသလား။ ဒီ Link မှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။ 👉 👉 https://goo.gl/u8edRV
“Everything Rises & Falls on LEADERSHIP”
“အဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှု ၊ ကျရှုံးမှုသည် ခေါင်းဆောင်မှု စွမ်းရည်အပေါ်တွင်သာ မူတည်သည်”
🏁 လေးစားစွာဖြင့် 🏁
Your Friend,
ပြေခိုင်
Asia’s Top Success Coach
Certified NLP Trainer & Coach
Certified John Maxwell Coach, Trainer & Speaker
Master Trainer & Coach Myanmar Excellence Institute – MEI
#EmpoweringLeadersEveryDay
#MEI

Leave a comment

Name
E-mail
Website
Comment